အကြောင်းလေးကတော့အင်မတန်ရိုးစင်းပါတယ်။
လူတော်တော်များများကြုံဖူးကောင်းကြုံဖူးကြပါလိမ့်မည်။ ကျွန်တော် တို့ အိမ်ဘေးက အိမ်နီးနားချင်းလို့
ဆိုပါတော့။ သို့သော် ကျွန်တော်တို့ နဲ့ ဆက်ဆံရေးကျဲသည်။ ဘာကြောင့်လဲဆိုတာ ရှင်းပြမည်-
ကျွန်တော်တို့အိမ်ချင်း အခန်းကပ်ရပ်တွင်
ဒေါ်လှ(အမည်လွဲ) တို့နေထိုင်သည်။ သူတို့ သည် တကိုယ်တည်း အပျိုကြီးပုံစံမျိုး။ သေချာတော့မသိ။
ပြောင်းလာခါစကတော့ကြားဖူးသည်။ ယောက်ျားရှိသည်ဟု။ သို့သော် ယောက်ျားကိုကာ အရိပ်အယောင်မျှမတွေ့ရ။
အဲဒါက အကြောင်းမဟုတ် သို့သော် ရေးမည့်အကြောင်းအရာနှင့်တော့  အနည်းငယ်ဆက်စပ်မှုရှိသည်။
ထို ဒေါ်လှဆိုသူသည် အစိုးရဌာနတခုတွင် ဌာနကြီးမှူး အကြီးအကဲတစ်ယောက် (အင်ဂျင်နီယာ)တယောက်လဲဖြစ်ပေသည်။
သူမ၏အိမ်တွင် အိမ်အကူလုပ်ရန် အသက် ၁၀နှစ်ကျော် ၁၂ နှစ်ခန့် ကောင်မလေး၂ယောက်ကို အိမ်အကူဖြစ်ခေါ်ထားသည်။
တချို့သိကြမည်။ မိဘမဲ့ဂေဟာ က ခေါ်ထားခြင်းဖြစ်သည်။ ကလေးတွေကိုမွေးစားမည်။ ကျောင်းထားပေးမည်။
စသည်ဖြင့် ၀န်ခံကတိပြုကာ မွေးစားထားခြင်းဖြစ်သည်။ ထို့သို့ မွေးစားခြင်းကို အသိတယောက်
လုပ်ဖူးသည်။ တကယ်ပဲ ထိုကလေးကို မွေးစားကာကျောင်းကို သေချာထားပေးသည်။ ထိုကလေးသည်ခုဆိုလျှင်
GTU ပင် ဒုတိယနှစ်ကိုရောက်နေပြီဖြစ်သည်။
သို့သော် ခုကျွန်တော်ပြောမည် ကလေး၂ယောက်ဘ၀နှင့်လွန်စွာကွာခြားလွန်းလှသည်။
ကျွန်တော်တို့ အိမ်ဘေးနားက ကလေး၂ယောက်မှာမူ ကျောင်းထားပေးခြင်းတော့ခံရသည်။ စာလုပ်ချိန်မရ။
သူတို့ကျောင်းကပြန်လာချိန် တွင်အိမ်ထဲသို့ဝင်ခွင့်မရှိ။ ဘာကြောင့်လဲဆိုတော့ သူတို့အိမ်ရှင်
ဒေါ်လှသည် ရုံးက ပြန်မရောက်သေးပေ။ ထိုကလေးများကို သော့လဲပေးမထား။ လူမရှိလျှင် အပြင်ကနေစောင့်နေရသည်။
တစ်နာရီလဲဖြစ်မည်။ သုံး၊လေးနာရီလဲစောင့်ရသည်။ ထိုသို့စောင့်နေချိန် ဒေါ်လှပြန်လာလျှင်
ဒီတိုင်း ထိုင်နေတာတွေ့လျှင် အဆူအငေါက်ခံရသည်။ ရိုက်သည်ပုတ်သည်ကိုတော့မတွေ့။ လူမြင်ကွင်းမှာမို့လားတော့မသိ။
ထို့ကြောင့်ထိုကလေးများ ကျောင်းကပြန်ရောက်လာချိန်တွင် အိမ်ရှေ့ရှိ သစ်ပင်ကလေးမှာလွယ်အိတ်ကလေးချိတ်
အိမ်ရှေ့က အမှိုက်ကောက်လျှင်ကောက် မကောက်လျှင် မြက်နှုတ်နေရသည်။ သို့မှသာ ပြန်လာလျှင်
အဆူအငေါက်လွတ်မည်ဖြစ်သည်။ ဒါတောင် ကံမကောင်းအကြောင်းမလှလျှင် အလုပ်ထဲမှာ ဒေါ်လှဆိုသူ
တခုခုအဆင်မပြေဖြစ်လာပါက ကလေးတွေကို အကြောင်းမရှိအကြောင်းရှာ ဆူညံပူညံလုပ်သေးသည်။ ဒါတင်ပဲလားမဟုတ်။
ပြန်လာသမျှ ပစ္စည်းအားလုံးကို သယ်ပေးရသည်။ အရွယ်နှင့်မမျှသည့်ပစ္စည်းကိုပင်မနိုင်မနင်း
သယ်ပေးရသည်။ ပြီးပြီလားဆိုတော့မပြိးသေး။
တခါတလေ အိမ်ထဲရောက်တာနဲ့
ကြမ်းတိုက်၊ တံမြက်လှည်း စသည်ဖြင့်အိမ်မှုကိစ္စ စုံနေအောင်လုပ်ရသည်။ ဒါတင်လား ဆိုတော့
မပြိးသေးပေ။
တခါတရံသူ့၏အစ်မ သည် ဒေါ်လှအိမ်သို့လာလည်တတ်သည်။
ထိုသို့လာလည်လျှင် အပြန်တွင် ထိုကလေးများ ကို သူ၏အစ်မ အိမ်တွင် လုပ်အားပေးဖို့ ထည့်လိုက်သည်။
ထိုအိမ်တွင် ဘာလုပ်ရသည်ဆိုတာကိုတော့သေချာမသိပေ။ ထိုကလေးများသည် တခါတရံကျောင်းတက်ဖို့
မနက်အစောကြီး သူ၏အစ်မ အိမ်မှ ပြန်လာသည်ကိုတော့ ကျွန်တော်ကျောင်းသွားတိုင်းမြင်နေကြလိုဖြစ်နေသည်။
ကလေးတွေအိပ်ချိန် တွင် မီးဖိုချောင်ထဲတွင်
အိပ်ခိုင်းသည်။ ကလေးတွေခများ ကြည့်လျှင်ပင် အစစအရာရာညှိုးနွမ်းနေသည်။ ကြည့်ရုံဖြင့်ပင်ကိုယ်ချင်းစာနိုင်ပါသည်။
ဒါဆိုလျှင် စနေ၊တနင်္ဂနွေ နားရမည် မမှတ်နှင့်။ သူတို့ အိမ်အပြင်သွားလျှင် သူတို့ ဆွေးမျိုးသားချင်းမကျန်ခဲ့လျှင်
ကလေးတွေကို အိမ်မှာမနေခိုင်း အိမ်အပြင်ဖက်ထုတ်ထားခဲ့သည်။ အိမ်တလျှောက်ဖုန်သုတ်ခိုင်းသည်။
မြက်နှုတ်စသည်ဖြင့် တခုခုကို ခိုင်းခဲ့သည်မှာ ဓမ္မတာလိုဖြစ်နေသည်။ သူတို့စားဖို့ စားစရာများကို
ထမင်းဘူးလေးဖြင့်သို့မဟုတ်၊ တခါတရံ အပြင်ကနေ အသုတ်လေးတပွဲ၂ပွဲကို ၀ယ်စားခိုင်းသည်။
သူတို့ မပြန်မလာမချင်း အိမ်အပြင်တွင်သာနေရသည်။ သူတို့သည်လည်း စနေ၊တနင်္ဂနွေ အများပြည်သူရုံးပိတ်ရက်အပြင်ထွက်လျှင်
တော်တော်နှင့်ပြန်မရောက် ညနေစောင်းမိုးချုပ်ခါမှ ပြန်လာတတ်သည်။ ထိုကဲ့သို့နေ့များတွင်ထိုကလေးများ
အပြင်တွေတနေကုန်ရသည်။ သာမန် အချိန်ဆိုရင်တော့ကိစ္စမရှိ၊ မိုးရာသီ ဆိုလျှင် ထိုကလေးများကို
အလွန် သနားမိသည်။ သူတို့၏ ၀ဋ်ကြွေးသည် တော်တော်ကြီးလှပါတကားဟု စိတ်ထဲမှာအောက်မေ့မိသည်။
မိုးရွာနေလျှင် ကျွန်တော်တို့ အခန်းနှင့် သူတို့အိမ်အခန်းကြား လွတ်ရာနေရာလေးမှာ ထိုင်နေပြီးသာအချိန်ကုန်ခဲ့ရသည့်နေ့များသည်
အတော်ပင်များနေလေသည်။
ကျွန်တော် ကတော့အောက်မေ့မိသည်။ လူဆိုတာ ဘယ်လိုသတ္တ၀ါလဲပေါ့?၊
အကြင်နာဆုံး၊အသိဥာဏ်အရှိဆုံး သတ္တ၀ါသည်လည်းလူဖြစ်သည်။ အရက်စက်ဆုံး၊ အကြင်နာတရားခေါင်းပါဆုံး
ကလည်းလူတွေဖြစ်နေသည်။ အကယ်၍ ထိုကလေးများနေ၇ာတွင် ကိုယ့်သားသမီးဆိုလျှင် ဘယ်လိုခံစားရမည်နည်း။
အိမ်အကူခေါ်သည်။ ခိုင်းပါ မခိုင်းနဲ့လို့ကျွန်တော်ဆိုလိုနေခြင်းမဟုတ်။ ဒါပေမယ့် သင့်တင့်လျောက်ပတ်ရုံ
ခိုင်းသင့်သည်။ ခုတလောခေတ်စားနေသည့်စကားနှင့်ပြောပါဆိုလျှင် (လူသားချင်းကိုယ်ချင်းစာ)သင့်သည်လို့ပြောရမည်ဖြစ်သည်။
ကလေးတွေကို ကျောင်းထားတော့ပေးသည်။ စာလေ့လာခွင့်မပေး။ ဘယ်မှာစာတတ်မြောက်နိုင်မည်နည်း။
ရှင်းရှင်းပြောပါဆိုလျှင် ကျွန် မွေးမြူနေသလိုဖြစ်နေပေမည်။ အကယ်၍ ဒေါ်လှသည် ကလေးတယောက်မွေးထားလျှင်ပင်
ထိုသိုက ထိုကလေးများအပေါ်ခိုင်းရက်မည်လားဟု ကျွန်တော်တွေးမိသည်။ယနေ့ခေတ်တွင် ဒီလိုကိစ္စမျိုးတွေမရှိသင့်တော့တာအမှန်ဖြစ်သည်။
ဒါဆို ဒီလိုကိစ္စမျိုးတွေဘယ်လိုပပျောက်သွားအောင်ဘယ်လိုလုပ်သင့်သနည်း။ ကလေးတွေကတိုင်ဖို့
စဉ်းစားနိုင်မည်လား။ အကူညီတောင်းဖို့ရာဆွေမဲ့မျိုးမဲ့လေးတွေ သူတို့ဘ၀ကိုမည်သူကယ်တင်နိုင်မည်နည်း။
ထိုအမျိုးသမီးကြီး
ဒေါ်လှသည်
ဘွဲ့ရပညာတတ်တယောက် သာမန်ဘွဲ့တောင်မဟုတ် အင်ဂျင်နီယာဘွဲ့၊ သာမန်ဝန်ထမ်းမျိုးလဲမဟုတ်
ရာထူးကြီးသော ဌာနအကြီးအကဲတယောက်ဖြစ်သည်။ သူ့၏ ဂုဏ်ဒြပ်သည် ကြီးမားသည်ဟုဆိုရပေမည်။ သို့သော်
ကျွန်တော့်အတွက် တော့ ဘာမှမဟုတ်။သာမန် လူတယောက်လောက်မျှ အထင်မကြီး အထင်တောင်သေးသည်။
ရွံမုန်းကြိးဖြစ်နေလေသည်။ လူတယောက်ရဲ့စာရိတ္တ၊ အဆင့်အတန်းသည် ဘာနှင့်ခွဲခြားရမည်နည်း။
လူတချို့ပြောကြသည်။ လူမိုက်တွေနဲ့တွေ့လျှင် (မိုက်တာပေါ့ အဲခွေးလိုကောင် ပညာမှမတတ်တာ
)ဟုဆိုတတ်သည်။ ဒါဆို ဒေါ်လှကပညာတတ်သည် ရာထူးအရာခံလဲရှိသည်။ သူကရော ဘာလို့လဲဟုမေးခွန်းထုတ်စရာဖြစ်လာမည်။
နောက်တခု ထိုလူမိုက်လူရမ်းကားများသည် လူအများရှေ့တွင် ပေါ်တင်မိုက်ရဲသည်။ရိုက်ရဲသည်။
သူမိုက်သည်ကိုလူတိုင်းသိသည်။ သို့သော် ဒေါ်လှလို ကိုယ်ချင်းမစာမနာ မိုက်ရိုင်းသူကိုတော့မည်သူမျှမသိ..............ကျွန်တော်မေးချင်သည်မှာ..........လူတယောက်ရဲ့တန်ဖိုးကို
ပညာ၊ရာထူးစတာတွေနဲ့.......ခန့်မှန်း၍ရသလား.......?
(ဤဆောင်းပါလေးသည်
လူလူချင်းကိုယ်ချင်းစာတတ်စေရန်ရန်ရွယ်ပါသည်။ မိမိပတ်ဝန်းကျင်က အမှန်တကယ်ဖြစ်ပျက်နေသည်ကို
နာမည်လွဲကာရေးထားခြင်းဖြစ်ပါသည်။ လူတိုင်းလူတိုင်း ကိုယ်ချင်းစာစိတ် များကိန်းအောင်းကြပါစေလို့
.........ဆုတောင်းရင်း..........ဝေယံထက်)
No comments:
Post a Comment